အလုပ်များတဲ့သူတွေ Personal Care ဘယ်လိုလုပ်မလဲ
အလုပ်များလို့… ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဖြစ်ဘူး… အလုပ်ထဲမှာပဲ နေ့နေ့ညည နစ်မြုပ်နေတယ်ဆိုတဲ့သူတွေ အထူးသဖြင့် အလုပ်ပိနေတဲ့သူတွေ၊ ကလေးမိခင်တွေနဲ့ အလုပ်တစ်ဖက်နဲ့ ကျောင်းတတ်နေရတဲ့သူတွေမှာ Personal Care အတွက် အချိန်မပေးဖြစ်ကြပါဘူး။
ဒါဟာ အချိန်ကြာလာတာနဲ့အမျှ ပင်ပန်းနွမ်းနယ်လာသလို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် Personal Care ပုံမှန်လုပ်ဖြစ်ဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) တနေ့တာ Schedule မှာ Personal Care အတွက် အချိန်ထည့်ဆွဲပါ
အချိန်ဆိုတာ လူတိုင်းအတွက် အရေးကြီးပေမယ့် အချိန်ကို စီမံခန့်ခွဲနိုင်ရင် ကိုယ့်အတွက် အချိန်ထွက်လာနိုင်ပါတယ်။
တနေ့တာရဲ့ အလုပ်တွေအများကြီးထဲမှာ ၁၅ မိနစ် မိနစ် ၂၀ လောက်ကို Me Time အနေနဲ့ ထားပေးနိုင်ရင်ပဲ လုံလောက်ပါပြီ။ ဒီအချိန်မှာ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို အနားရစေမယ့် အပြုအမူလေးတွေကို လုပ်ပေးနိုင်ရင် ပိုကျန်းမာပြီး ပျော်ရွှင်စေဖို့ အကျိုးရှိစေမှာပါ။
(၂) အသေးလေးတွေကနေ စပါ
အချိန်ရမှ လုပ်ဖြစ်မယ်ဆိုပြီး တွေးထားတဲ့ ကိစ္စအကြီးတွေကို ခဏမေ့ထားလိုက်ပါ။
အချိန်ပိုလေးထွက်လာတဲ့ ခဏမှာပဲ ကိုယ်လက်လှုပ်ရှားလိုက်တာ၊ လမ်းလေးထလျှောက်လိုက်တာ၊ အသားအရေထိန်းသိမ်းတာ၊ တရားထိုင်တာ စတဲ့ အချိန်နည်းနည်းပဲ ပေးရတဲ့ အသေးအမွှားလေးတွေကလဲ သင်မထင်ထားလောက်အောင် ထိရောက်မှု ရှိပါတယ်တဲ့။
(၃) အတူလုပ်ဖြစ်မယ့်သူ ရှာပါ
တိုင်ပင်ဖို့ အဖော်ရှိတဲ့ အလုပ်တွေက ပိုပြီး လုပ်ဖြစ်တယ် ဆိုတဲ့အတိုင်းပါပဲ။ အတူတူလုပ်ဖြစ်မယ့် ချစ်သူ၊ သူငယ်ချင်း၊ မိသားစုဝင်ရှိတယ်ဆိုရင် Personal Care လုပ်ဖြစ်မယ့် အခွင့်အလမ်းက ပိုများပါတယ်။
စကားပြောရင်း လမ်းအတူ ထွက်လျှောက်တာမျိုး၊ လေ့ကျင့်ခန်းအတူလုပ်တာမျိုးအပြင် စိတ်ပြေလက်ပျောက် ရယ်စရာပြောရင်း အချိန်ကုန်ဆုံးတာမျိုး၊ အချင်းချင်း နှစ်သိမ့်ပြီး ရင်ဖွင့်စကားပြောတာမျိုးကလဲ သင့်စိတ်ကို ပေါ့ပါးစေပါတယ်။
(၄) Habit တစ်ခုဖြစ်အောင် လုပ်ပါ
ပုံမှန်လုပ်ဖြစ်တဲ့ အလေ့အကျင့်တစ်ခုကို ဖျောက်ဖို့ဆိုတာ ခက်ပါတယ်။ ဒါ့ကြောင့် Personal Care အတွက် သင်လုပ်ချင်တာလေးတွေကို အလေ့အကျင့်တစ်ခုအဖြစ် စကြည့်ပါ။
နေ့တိုင်းမှန်မှန်လုပ်ဖြစ်သွားတဲ့အခါ မလုပ်ရမနေနိုင်လောက်အောင် လုပ်ဖြစ်လာမယ့် Habit ဖြစ်လာပါလိမ့်မယ်။
(၅) မနက်စောစောထပါ
အချိန်မရဘူးလို့ ပြောကြတဲ့သူတွေ အများစုက မနက်စောစော ထဖြစ်ဖို့ အခက်အခဲရှိသူတွေ ဖြစ်နေလေ့ရှိပါတယ်။ တနေ့တာ Schedule မှာ အချိန်ပိုထွက်စေဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ ပုံမှန်အချိန်ထက် အိပ်ရာစောထဖို့ပဲ ဖြစ်ပါတယ်။
အချိန် ၁၅ မိနစ်လောက် စောထလိုက်တာက သင့်ရဲ့ Personal Care အတွက် ပြည့်စုံလုံလောက်ပါပြီတဲ့။
Me Time လို့ခေါ်တဲ့ ကိုယ်ပိုင်အချိန် ၊ ကိုယ့်ရဲ့ Personal Care အတွက် အချိန်ဟာ လူတိုင်းမှာ မဖြစ်မနေ လိုအပ်ပါတယ်။
အလုပ်အရမ်းများလွန်းတဲ့သူတွေမှာ Personal Care အတွက် အချိန်ပေးဖြစ်ဖို့ ဒီ အချက် (၅) ချက်က အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)